Saturday, February 4, 2012

ရခိုင်ရာဇဝင်သစ်ကျမ်း (သတ္တမတွဲ)

ရခိုင်ပြည့်ရှင် မဟာသမ္မတမင်းကို ဖမ်းယူပင့်ဆောင်သွားပြီးနောက် ဒါးပိုင်ကြီးယောက်ဖတော် ကျော်ပုံသည် ရခိုင်ပြည်သူအပေါင်းတို့ နှင့် မြန်မာတို့ ကိုတိုက်မည်ဟု သက္ကရာဇ် (၁၁၄၆)ခု တပေါင်းလတွင် ချီလာသော် မြန်မာမြို့ ဝန် နန္ဒပကျန်က ဆီးခံ၍တိုက်လေလျှင် ရခိုင်တို့  စစ်ပျက်စီး၍ ပြေးကြလေ၏။
ကျိန်းအရပ်၌ အစောင့်နေထားသော မြန်မာတို့ ကို အိမ်ရှေ့မင်းစစ်ကဲရဲဘော်သည် မြန်မာတို့ သည် မြောက်ဦးမြီု့ သို့  ပြေးဝင်ကြလေ၏။ မြို့ ဝန် နန္ဒပကျန်က တပ်မှုးတပ်သားကိုထွက်တိုက်စေလေသော် အိမ်ရှေ့မင်း စစ်ကဲရဲဘော်သည် နှင့် လူအများကို ဖမ်း၍ရလေလျှင် သတ်လျှက်ပစ်လေ၏။

Saturday, November 19, 2011

အလောင်းမင်းတရားကြီး၏ နွယ်တော်စဉ်နှင့် ရခိုင်ရာဇဝင်အဆို

ရခိုင်ပြည်တွင် သိရီသုဓမ္မရာဇာမင်းလက်ထက်တွင် လောင်းကြက်စားအမတ်ငကုသလသည် ဗေဒင်အတတ်၊ အင်းအိုင်၊ မန္တန်အတတ်တို့ ကို အထူးတတ်ကျွမ်းသည်။ ယင်းအမတ်ငကုသလသည် မိဖုရားနတ်ရှင်မယ်နှင့် ချစ်ကြိုက်မိသည်။ မင်းကိုပရိယာယ်ဖြင့်သတ်၍ ထီးနန်းကိုလုယူသိမ်းပိုက်ရန်ကြံရွယ်သည်။ သီရိသုဓမ္မရာဇာမင်းကို ဆင်ဖြူတော်ရောက်ပါလိမ့်မည်။ ဤသို့ လုပ်တော်မူပါဟုလျှောက်ရာ မင်းလည်းယုံကြည်၍ ဆိုတိုင်းလိုက်လုပ်မိ၏။ ပညာရှိငလက်ရုံးက ငကုသလ၏မတော်မတရားပြုလုပ်ပုံများကို တင်လျှောက်ပြီးလျှင် ဆေးဝါးပယောဂ၍ အရှင်မင်းကြီးကိုယ်တော်၌ပင် ရောဂါကပ်ရောက်နေပြီဖြစ်ကြောင်း၊ ဤအတိုင်းဆိုလျှင် ခုနစ်လစေ့သောအခါ၌ပင် နတ်ရွာစံရတော့မည်ဖြစ်ကြောင်း သတိပေးလျှောက်ထားခဲ့သော်လည်း မင်းကြီးယုံတော်မမူချေ။ မြို့ တွင်းမြို့ ပြင်တွင် ခလေးများက
၁- မင်းဟရီမှောက်မှား အလားလား ဟရီလည်းသေ ပြည်လည်းကြေ။
၂- ကျွန်နှင့်မတန် မင်းဖြစ်ကြံသည် အမှန်တန့် တန့်  ခုနစ်လတွင် မင်းဖြစ်အံ့။
၃- ဖွတ်ကမီးချောင်းဖြစ် ချောင်းမြောင်းမခံသာ၊ ကျွန်သူကောင်းဖြစ် တိုင်းပြည်မစည်ရာ။ စသော တဘောင်များကို ကြားရပြန်၏။
ပညာရှိအမတ်ငလက်ရုံးလည်းနောက်ထပ် လျှောက်တင်ပါသေးသည်။ သို့ သော်နတ်ရှင်မယ်၏လှည့်စားချက်များကြောင့် မင်းကြီးသီရိသုဓမ္မရာဇာနားမဝင်တော့ပေ။ မိဖုရားနတ်ရှင်မယ်၏လှည့်စားမှုဖြင့် လေးမြို့ စားငကုသလလည်း ရာထူးမပျက်ချမ်းသာစွာနေရသည်။ ပညာရှိငလက်ရုံးလည်း ပညာနည်းသောမင်းထံခစားနေသော် နောင်အပြစ်ကြီးစွာရောက်ရာသည်ဟု မင်းထံခွင့်ပန်၍ ရဟန်းပြုလေတော့၏။ လောင်းကြက်စားလည်း လောကီပညာများဖြင့် မင်းကိုနံနှိပ်ပြီး နန်းတော်၌ (ငစည်)ကပြစေ၏။ ပညာရှိအမတ်ကြီးများ၏အကြိမ်ကြိမ်သတိပေးပါသော်လည်း “မ”တည်းဟူသော နတ်သျှင်မယ်မိဖုရား၏လှည့်ဖျားယောင်းမှုကို မလွန်ဆန်နိုင်ခြင်းကြောင့် မပျက်စီးတန်ဘဲ ပျက်စီးရချေသည်။ မင်းကြိးလွန်လျှင် သားတော်မင်းစနေ နန်းတက်ပါသော်လည်း ရက်ပေါင်း(၂၀)အတွင်းမှာပင် နတ်သျှင်မယ်၏လက်ချက်ဖြင့်ပင်နတ်ရွာစံတော်မူရှာလေသည်။ ရခိုင်ရာဇဝင်၌ မဖြစ်ဖူးမြဲ အလွန်ဆိုးဝါးသော အဖြစ်အပျက်တရပ်ပေတည်း။
လောင်းကြက်စားငကုသလမင်းတက်လုပ်ခြင်း
သီရီသုဓမ္မရာဇာမင်းကြီး၏ သားတော်မင်းစနေကို နတ်သျှင်မယ်၏အကူအညီဖြင့် အဆိပ်ထည့်သတ်လိုက်ပြီးလျှင် လောင်းကြက်စားငကုသလသည် နရပတိကြီးဟူသောဘွဲ့ အမည်ဖြင့် မြောက်ဦးရွှေနန်းတော်ကို သက္ကရာဇ် (၁၀၀၀)ပြည့်တွင် မင်းပြုတော်မူလေသည်။ နရပတိကြီး နန်းတက်တော်မူသောအခါ မိမိအသက်အန္တရယ်ကိုစိုးရိမ်သောကြာင့် မင်းဆွေ မင်းမျိုး၊ မှုးမတ်၊ သေနာပတိ၊ ပညာရှိပုဂ္ဂိုလ်များကို တိုင်းသူပြည်သားတို့ မသိရအောင် ညအချိန်တိုင်းလိုလို ဖမ်းယူသတ်ဖြတ်ခြင်းပြု၏။ မှူးကောင်း၊မတ်ကောင်း၊ ပညာရှိ၊ သေနာပတိ၊ ရဟန်းရှင်လူအများမှာ ဝေးရာအရပ်သို့  ရှောင်ပုန်းကြလေ၏။ စစ်ကွပ်ဆရာတော်ကြီးနှင့် ပညာရှိငလက်ရုံးတို့ လည်းပြေးကြရာ ငလက်ရုံးမလွတ်ခဲ့ချေ။ သို့ သော်မသတ်တော့ဘဲ ပညာဝံသဘွဲ့ ဖြင့် ခစားစေသည်။ ရခိုင်ပြည်တခုလုံးလည်းတုန်လှုပ်ခြောက်ခြားလေတော့၏။ ဤအကြောင်းကိုကြား၍ သီရိသုဓမ္မရာဇာမင်း၏အကြည်တော် အင်းဝမင်းသာလွန်မင်းတရားသည် ရခိုင်ပြည်သို့  ရာဇသံကို သံအမတ်ဖြင့်လွှတ်၏။ ရာဇသံထဲ၌-
“ဘုရားပလ္လင်ကျသည် ဟုတ်တေးလော။ ရာဇပလ္လင်မှာ ခွေးသေးဖြန်းသည်ဟုတ်တည်းလော။ ကြယ်များရေဝယ်ကျသည် ဟုတ်တည်းလော” ဟူ၍ပါလတ်၏။ အဓိပ္ပါယ်မှာ ရဟန်းသံဃာတော်များကို တောအရပ်သို့ နှင်ထုတ်ခြင်းသည် ဘုရားပလ္လင်ကျခြင်းပင်တည်း။ ကျွန်အမျိုးက မင်းဖြစ်ခြင်းသည် ရာဇပလ္လင်မှာ ခွေးသေးဖြန်းခြင်းပင်တည်း။ မင်းသား၊ မင်းသမီး၊ မှူးမတ်များကို သတ်ဖြတ်ခြင်းသည် ကြယ်များရေဝယ်ကျခြင်းတည်း။
သီရိသုဓမ္မရာဇာမင်း၏ သားတော်အလတ်(ငတုံးခင်)သည်  ရခိုင်ပြည်၏အနောက်အစွန်းကံသာမြီု့ ၌ မြီု့ စားအဖြစ်ဖြင့်ရှိနေရာမှ နရပတိမင်းဖြစ်သောအခါ ထိုမြို့ မှာပင်ခြားနား၍အလုံးအရင်းနှင့်နေလေ၏။ မင်းဆွေ၊ မင်းမျိုး၊ မှူးကြီးမတ်ရာ၊ သေနာပတိ၊ ပညာရှိပုဂ္ဂိုလ်များသည် ငတုံးခင်ထံသို့ ဝင်ရောက်ကြလေသည်။
နရပတိကြီးသည် သက္ကရာဇ်(၁၀၀၇)ခုနှစ်တွင် ကွယ်လွန်၍ သားတော်အိမ်ရှေ့မင်းသည် သတိုးမင်းတရားဘွဲ့ အမည်ဖြင့် ဆက်ခံလေသည်။ သတိုးမင်းတရားလွန်တော်မူလျှင် သားတော်စန္ဒသုဓမ္မရာဇာ။ စန္ဒသုဓမ္မရာဇာလွန်တော်မူလျှင် သားတော်ဥက္ကာဗလသည် သက္ကရာဇ် (၁၀၃၆)ခု၌ ဥက္ကာဗလ သီရိသုဓမ္မရာဇဘွဲ့ ဖြင့် ဆက်ခံလေသည်။
သီရိသုဓမ္မရာဇာမင်းကို မှူးမတ်၊ ကိုယ်ရံတော်များက ခြိတ်ချောင်းဘုရားအနီးတွင် လုပ်ကြံလိုက်လေသည်။ ထိုမင်း၏ တောင်နန်းစံ သုဝဏ္ဏကလျာမိဖုရားနှင့် မြောက်နန်းစံမိဖုရားကြီးတို့ မှာ ရောက်ရာပေါက်ရာ မထင်မရှားထွက်ပြေးကြကုန်၏။ တောင်နန်းစံမှာ ပဋိသန္ဓေသုံးလ၊ မြောက်နန်းစံမှာ ခုနှစ်လရှိပြီးဖြစ်လေသည်။ တောင်နန်းစံမှာ ဗူးရွက်မညှိးလမ်းမှ အနောက်ရိုးမတောင်ကိုဖြတ်ကျော်၍ အရှေ့ပြည်သို့ ကူးလာခဲ့၏။ မြောက်နန်းစံမှာကား ပဋိသန္ဓေရင့်မာနေပြီဖြစ်၍ အဝေးသို့ မပြေးနိုင်တော့ဘဲ မြို့ တော်နှင့်ဝေးကွာသော ရွာငယ်တခု၌ မထင်မရှား သူဆင်းရဲအသွင်ဖြင့် တိမ်းရှောင်နေခဲ့လေသည်။
ပထမ ကုန်းဘောင်မင်းဆက်၊ အလောင်းမင်းတရားကြီး၏ နွယ်တော်စဉ်နှင့် ရခိုင်ရာဇဝင်အဆို
အရှေ့ဖက်သို့ ထွက်ပြေးသွားသော တောင်နန်းစံမိဖုရားသည် သူဆင်းရဲအသွင်ဖြင့်မုဆိုးဘို(ရွှေဘို)မြို့ သူကြိးအိမ်၌ တည်းခိုနေသည်။ သူကြိးလည်း မိဖုရားအသွေးအမွေးကိုမြင်၍ ချစ်ခင်ကြင်နာစွာ သမီးအဖြစ်ဖြင့် မွေးစားထားသည်။ သူကြီးအိမ်၌ပင်ထူးကဲစွာသောနိမိတ်များဖြင့် မိဖုရားသည်သားတော်တပါးဖွါးမြင်၏။ မောင်အောင်ဇေယျဟုအမည်ပေးလေ၏။ သို့ သော် ငယ်ရွယ်စဉ်အခါမှာ သားတော်အားမိမိ၏မျိုးရိုးကို ထုတ်ဖေါ်၍မပြောခဲ့ပေ။
သို့ သော်လူကမပြောသော်လည်း သွေးကပြောသည်ဆိုသောစကားအတိုင်း မြန်မာတမျိုးလုံးကို မွန်တို့ တိုက်၍  အင်းဝမြို့ တော်ကိုပါ သိမ်းပိုက်ထားကြောင်းတွေ့ ရသောအခါ လူမျိုးတမျိုးက လူမျိုးတမျိုးကို စိုးမိုးချုပ်ချယ်ခြင်းသည် သက်သက်မတရားသောအမှုဖြစ်သဖြင့် မွန်တို့ ၏ရန်ကို တွန်းလှန်တိုက်ခိုက်လိုသော ဇာတိမာန်ကြောင့် လူစုဆောင်းရာ တစတစ အင်အားကြီးမားလာ၏။ မိဖုရားကြီးမှာ သား၏ချစ်ခြင်းဖြင့် အားချင်းမမျှသောရန်ကို မတွန်းလှန်စေလို၍ တားမြစ်သေး၏။ သို့ သော် သားတော်၏ ဇာတိမာန တက်ကြွသောစိတ်ကို တား၍လည်းအချဉ်းအနှိးဟု မြင်တော်မူသော မယ်တော်သည် တနေ့ သောအခါမှာ မျိုးရိုးနှင့်တကွ နွယ်တော်စဉ်ကို ထုတ်ဖေါ်ပြောပြလေတော့၏။ ထိုနေ့ မှစ၍ “သေမြေကြီး၊ ရှင်ရွှေထီး” ဆိုသောစကားအရ မွန်တို့ ရန်ကို ငါတွန်းလှန်မည်ဟု အဓိဌာန်ပြုပြီးလျှင် လူအင်အား၊ လက်နက်အင်အားမမျှသော ရန်သူတို့ ကို ဇာတိသွေး၊ ဇာတိမာန်တည်းဟူသော လက်နက်ဖြင့် သည်းသည်းမဲမဲ တိုက်ခိုက်တွန်းလှန် အောင်မြင်တော်မူသောကြောင့် မြန်မာတနိုင်ငံလုံးကို သိမ်းပိုက်အုပ်ချုပ် မင်းလုပ်တော်မူလေသတည်း။
မင်းဖြစ်သောအခါ အလောင်းမင်းတရားဟူသောဘွဲ့ တော်ကို ခံတော်မူလေသည်။ မွန်၊ မြန်မာမင်းများနှင့်တကွ နိုင်ငံတော်သူ၊ နိုင်ငံတော်သားများကို စည်းရုံး၍ ဖရိုဖရဲပြိုကွဲနေသော မြန်မာပြည်ကို ဧကရာဇ်အဖြစ်ဖြင့် စိုးစံတော်မူခဲ့ပေသည်။ ယင်းသို့  မြန်မာတနိုင်ငံလုံးကို သိမ်းပိုက်ပြီးနောက် အလောင်းမင်းတရားသည် အဘယ်ကြောင့် ရခိုင်ပြည်ကို မတိုက်ခဲ့ပါသလဲ။ ဖြတ်ကျော်သွားလာရန်ခဲယဉ်း၍ကား မဟုတ်ပေ။ တောင်ကြားလမ်းများရှိပါ၏။ ဗူးရွက်မညိုးတောင်ကြားလမ်းသည် အလွယ်ဆုံးလမ်းဖြစ်ပါသည်။ သို့ ဖြစ်ပါလျက် ရခိုင်ကိုမတိုက်ခြင်းမှာ အကြောင်းရှိပါသည်။
အကြောင်းကား- ဥက္ကာဗလသီရီသုဓမ္မရာဇာ မြောက်နန်းမိဖုရားသည် ပဋိသန္ဓေခုနစ်လနှင့် မထင်မရှား ပုန်းလျှိုးနေခဲ့ရာမှ သားတော်တပါးဖွါးမြင်သည်။ သားတော် ငယ်နာမည်ကား ဒုံးညိုတည်း။ အရွယ်ရောက်သောအခါ ရခိုင်ပြည်၌ သူတမင်း၊ ငါတမင်း မှူးမတ်ခြွေရံတော်များ မင်းလုပ်နေကြသည်ကို သုတ်သင်၍ သက္ကရာဇ်(၁၀၇၂) ၌ စန္ဒဝိဇယရာဇာဘွဲ့ တော်ဖြင့် ထီးနန်းအုပ်ချုပ်မင်းလုပ်တော်မူလေသည်။ ယင်းကဲ့သို့ နောင်တော် စန္ဒဝိဇယရာဇာရှိနေကြောင်း သိတော်မူ၍သာ ရခိုင်ကို မတိုက်ရခြင်းဖြစ်ပေသည်။ အကယ်၍ ရခိုင်ပြည်၌ ဆူပူလျက်ရှိနေသေးလျင် အလောင်းမင်းတရားလာရောက်တိုက်ခိုက်ရပေမည်မှာ သေချာသည်။ ဤသို့ အားဖြင့် ညီတော်၊ နောင်တော်နှစ်ပါး နန်းပြိုင်အုပ်ချုပ်တော်မူခဲ့ကြကြောင်းကို အကြောင်းပြု၍ “အရှေ့မှာ အောင်ဇေယျ၊ အနောက်မှာ ဝိဇယ” ဟူ၍ ရခိုင်ပြည်၌ ဆိုရိုးစကားရှိခဲ့ပေသည်။
မှတ်ချက်။   
မြန်မာရာဇဝင်၌ကား မောင်အောင်ဇေယျမွေးဖွါးသက္ကရာဇ်ကို (၁၀၇၆)ဟုဖေါ်ပြထား၍ ရခိုင်ရာဇဝင်၌ ဥက္ကာဗလသီရိသုဓမ္မရာဇာ သူပုန်တို့ လက်ချက်နှင့် နတ်ရွာစံသော သက္ကရာဇ် (၁၀၄၇)ဟုဖေါ်ပြထားရာ ရခိုင်ရာဇဝင်အလိုအားဖြင့် မောင်အောင်ဇေယျကို ဖွါးမြင်သော သက္ကရာဇ်သည်လည်း ခမည်းတော်ကွယ်လွန်သောနှစ်မှာပင် မယ်တော်ဝမ်း၌ ပဋိသန္ဓေရှိနေခြင်းကြောင့်(၁၀၄၇) ခုပင်ဖြစ်ရပေမည်။ သို့ဖြစ်ရာ မွေးဖွါးသောသက္ကရာဇ်မှာ မြန်မာရာဇဝင်နှင့် ရခိုင်ရာဇဝင် (၂၉) နှစ်မျှ ကွာခြားနေကြောင်းတွေ့ ရပေသည်။ တဖန်တုံလည်း ရခိုင်ပြည်၌ စန္ဒဝိဇယမင်းနန်းတက်သောနှစ်မှာ သက္ကရာဇ်( ၁၀၇၂)ခုဟု ဖော်ပြထားရာ ထိုနှစ်မှာပင်မဟုတ်သော်လည်း၊ ထိုနှစ်အနီးအနား (ဆယ်နှစ်မှ ဆယ့်ငါးနှစ်အတွင်း) မှာ အရှေ့တလွှားကို အောင်ဇေယျအုပ်စိုးနေသောအချိန်ဖြစ်ရပေမည်။ သို့ သော် မြန်မာရာဇဝင်၌ အောင်ဇေယျနန်းတက်သက္ကရာဇ်ကို (၁၁၁၄)ဟု ဖေါ်ပြထားပြန်သဖြင့် ဝိဇယနှင့် အောင်ဇေယျနန်းတက်သက္ကရာဇ်မှာ နှစ်ပေါင်း (၄၂)နှစ်မျှ ကွာခြားနေကြောင်းတွေ့ ရပြန်သည်။
ဤကဲ့သို့  သက္ကရာဇ် မညီညွတ်ရှိသည်မှာ ရှေးရာဇဝင်ဆရာများ သက္ကရာဇ်အယူအဆမတူကြ၍လောဟု တွေးတောဖွယ်ရှိပေသည်။ ရခိုင်ရာဇဝင်ဆရာ အချင်းချင်းပင် အယူအဆကွဲလွဲကြသည်လည်း ရှိပေသည်။ သို့ သော် သက္ကရာဇ်အယူအဆကွဲလွဲသည်ကို အကြောင်းပြု၍ထွက်ဆိုချက်ပါ မှားယွင်းသည်ဟုမဆိုနိုင်ပေ။ အလောင်းမင်းတရား(မောင်အောင်ဇေယျ)၏ နွယ်တော်စဉ်ကို မင်းတုန်းမင်းလက်ထက်က ရတနာပုံ မန္တလေးမြို့ တော်၌စတင်ပုံနှိပ်ခဲ့သော စာအုပ်တအုပ်တွင် ယခုဖေါ်ပြထားသည့်အတိုင်း လွန်ခဲ့သော(၂၅)နှစ်ခန့် က စစ်တွေမြို့  အာကျိတ်တော်ကုန်း ဓါတ်လည်စေတီအနီး တောရပ်ဆောက်တည်သော(ငါးဇင်းရိုင်းချောင်း)ဆရာတော်ကြီးထံမှ ရရှိ၍ ဖတ်ဖူး၊ မှတ်ဖူးပါသည်။ ကျတော်သည် ဤအကြောင်းများနှင့်ပတ်သက်၍ ကွယ်လွန်သူ အမျိုးသားပညာဝန် ဦးဖိုးကျား၊ ဒီးဒုတ်ဦးဘချိုတို့ နှင့်လည်း ဆွေးနွေးဖူးပါသည်။ သူတို့ လည်း ဤအတိုင်းပင် ရှေးလူကြီးများ ပြေစကားကို မှတ်မိဖူးကြောင်း ပြောကြပါသည်။
အလောင်းမင်းတရားကြီးသည် ရခိုင်ဖြစ်သည်၊ မြန်မာဖြစ်သည်ဟု အသားပေး အသားယူပြုမူလို၍မဟုတ်ပါ။ မြန်မာနိုင်ငံတော်အတွင်းရှိ တိုင်းရင်းသူ၊ တိုင်းရင်းသား အချင်းချင်းသာမဟုတ် ကမ္ဘာသူ၊ ကမ္ဘာသားအချင်းချင်းပင် ချစ်ကြည်စွာ ပေါင်းသင်းဆက်ဆံရေးကို အမြဲရှေးရူသူဖြစ်ပါသဖြင့် ယောနိသောမနသိကာရဖြင့် ဖတ်ရှုတော်မူကြစေလိုပါသည်။

ဤသို့  ဤသို့ လျှင် သက္ကရာဇ်(၁၀၀၀) ပြည့်နှစ် ငကုသလသည် နရပတိကြီးဘွဲ့ အမည်ဖြင့် ရခိုင်ပြည်၌ မင်းလုပ်အုပ်ချုပ်သည်မှစ၍ ဝိဇယမင်းနန်းတက်တော်မူသော သက္ကရာဇ်(၁၁၇၆)ထိ နှစ်ပေါင်း(၇၆)နှစ်သော အချိန်သည် ရခိုင်ရာဇဝင်၌အဆိုးဆုံးအချိန်ဖြစ်သည်။ မှူးမတ် ကိုယ်ရံတော်များတဥိးကို တဥိးနန်းချကာ သူတမင်း ငါတမင်း စီုးစံကြသောအချိန်ဖြစ်သဖြင့် တိုင်းသားပြည်သူ ရှင်လူအများမှာ ကိုယ်စိတ်မချမ်း၊ ပင်ပန်းနွမ်းရိကြကုန်သည်။ နရပတိကြီးသည် မှူးကြီးမတ်ရာ၊ သေနာပတိ၊ ပြည်ကြီးတံခွန်ဖြစ်ကြကုန်သော ပညာရှိများကို သတ်ဖြတ်နှိပ်စက် နိုင်ထက်ကလူ ပြုမူခြင်းကြောင့် ထိုနှစ်ပေါင်း ခုနှစ်ဆယ်ကျော်မျှသောအချိန်သည် ရခိုင်ပြည်၌ ပညာရှိဆိတ်သုဉ်းချိန်ဖြစ်သည်။ ယင်းကဲ့သို့  တရားလက်လွတ်သူများမှာ ဘုန်းကြီးသော်လည်း အသက်မရှည်၊ အသက်ရှည်သော်လည်း ဘုန်းမကြီးဘဲ မိမိကံကြောင့် ပျက်စီးခြင်းသို့ ရောက်ကြရစမြဲပေတည်း။ တရားသံဝေဂယူနိုင်ကြပါစေ။

ဝန်ခံချက်
ဆရာကြီးဦးအောင်သာဦး၏ “ရက္ခမဏ္ဍလ ရခိုင်ရာဇဝင်” စာအုပ်မှ အလောင်းဖုရားဦးအောင်ဇေယျနဲ့ပတ်သက်သော အချက်အလက်များကို ထုတ်နှတ်တင်ပြလိုက်ပါသည်။

Saturday, October 1, 2011

မျိုးရိုးအဆက်ဆက် ကိုးကွယ်လာခဲ့သော မဟာမုနိ





ဂေါတမဗုဒ္ဓ သက်တော်ထင်ရှားရှိစဉ် စစ်မှန်သော ဗုဒ္ဓ၏ကိုယ်ပွားသာလျှင် ဖြစ်တန်ရာ၏ဟု ရခိုင်လူမျိုးများ အယုံအကြည်ရှိသော မဟာမုနိရုပ်ရှင်တော်မြတ်ကြီးသည် ရခိုင်လူမျိုးတို့သမိုင်း မှတ်တမ်းအားလုံး၏ ကိုးကားချက်ဖြစ်သည်။ ထိုသမိုင်းမှတ်တမ်းများသည် ထေရ၀ါဒဗုဒ္ဓဘာသာရှိခဲ့ပြီးနောက် မျက်မှောက်ထုံးတမ်းစဉ်များကို ထည့်သွင်းထားရှိသည်။ သီရိလင်္ကာ၏ ပါဠိစာပေမှ ကျယ်ကျယ်ပြန့်ပြန့် ဆင်းသက်ကြီးထွားလာမှုရှိပြီး ပုဂံ၏ လွှမ်းမိုးမှုအောက်မှာ ကိုးကွယ်မှု ဘာသာအယူဝါဒအဆင့်ဆင့်ထိ ကျယ်ပြန့်လာပါသည်။

စန္ဒသူရိယ ဘုရင်မင်းမြတ် ရခိုင်ပြည်ကို အုပ်ချုပ်ခဲ့သည်အချိန်အခါက ဗုဒ္ဓရုပ်ထုတော်ကို သွန်းလုပ်သည်ဟု ရိုးရာဓလေ့ ထုံးတမ်းစဉ်လာယုံကြည်မှု ထားရှိကြသည်။ စန္ဒသူရိယဘုရင်မင်းမြတ်သည် ဗုဒ္ဓ၏ ဟောကြားပြသမှုတို့၏ သတင်းကို ကြားသိရပြီး ဗုဒ္ဓကိုရိုသေကိုးကွယ်ရန် ဆန္ဒပြင်းပြလာသည်ဟု အဆိုရှိလေသည်။ အိန္ဒိယနိုင်ငံ သာဝတ္ထိပြည်တွင် သီတင်းသုံးနေထိုင်တော်မူသော ဂေါတမဗုဒ္ဓသည် ထိုအကြောင်းအရာကို သိရှိလာသောကြောင့် ဗုဒ္ဓက သူ၏သာဝက အာနန္ဒာအား ပြောပြလေသည်မှာ “ကြောက်မက်ဖွယ်ကောင်းသော ရေနဂါးများ အုပ်ချုပ်ထားသော ကြီးမားကျယ်ပြန့်သော မြစ်ပင်လယ်သမုဒ္ဒရာကို ဖြတ်ကျော်လာရမည်ဖြစ်၍ ဤကဲ့သို့သော ခက်ခဲကြမ်းတမ်းသောခရီးသည် စန္ဒသူရိယဘုရင်မင်းမြတ်အတွက် အလွန်အန္တရာယ်ရှိလိမ့်မည်။ ထို့ကြောင့် တပည့်ရဟန္တာ (၅၀၀) နှင့်အတူ ဂေါတမဗုဒ္ဓသည် ကောင်းကင်ခရီးဖြင့် ကြွရောက်လာပြီး ကျောက်တော်မြို့၏ တဖက်ကမ်းရှိ မောရပဗ္ဗတတောင်၌ ဆင်းသက်ရပ်နားတော်မူခဲ့လေသည်။ ဤတွင် ဗုဒ္ဓ၏ ရှေးရှေးဘ၀ပေါင်းများစွာက ကျင်လည်တော်မူခဲ့သောနေရာတို့တွင် ဗုဒ္ဓ၏ ဓါတ်တော်များကို ဌာပနာထည့်၍ ဘုရားပုထိုးများစွာတို့ကို တိုင်းပြည်အနှံ့ တည်ထားကိုးကွယ်လာကြလိမ့်မည်ဟု ကြိုတင်ဟောကိန်းထုတ် ဗျာဒိတ်တော်ပေးလေသည်။ဤကဲ့သို့ဗုဒ္ဓ၏ ဗျာဒိတ်ပေးချိန်တွင် မဟာပထ၀ီမြေကြီးသည် တုန်လှုပ်ပြီး ပင်လယ်သမုဒ္ဒရာတို့သည် ရေနွေးအိုးဆူသကဲ့သို့ ဆူပွက်လေသည်။ စန္ဒသူရိယဘုရင်မင်းမြတ်သည် ဤနိမိတ်ဆောင်သော လက္ခဏာများ၏ ဆိုလိုရင်းကို သူ၏ဗေဒင်ဆရာ၊ ဟူးရားတတ်တို့အား မေးမြန်းစုံစမ်းလျှက် တုန်လှုပ်ထိတ်လန့်ရခြင်းဖြစ်လေသည်။ ဂေါတမဗုဒ္ဓ ရခိုင်ပြည်ကို ရောက်ရှိလာသည့်အကြောင်းကို ဘုရင်မင်းမြတ်သိရှိတော်မူသောအခါ ရာပေါင်းများစွာသော အခြွေအရံတို့နှင့်အတူ သူ၏မိဖုရားခေါင်ကြီး စန္ဒရမာလာ၊ သူ၏မှုးမတ် တိုင်းသူပြည်သားတို့နှင့်အတူ ပဗ္ဗတတောင်ပေါ်သို့ သွားရောက်ကြလေသည်။ ဘုရင်မင်းမြတ်သည် ဂေါတမဗုဒ္ဓအား အရိုအသေပေးပြီးနောက် ဗုဒ္ဓက သူ့အား ပဋိစ္စသမုပ္ပါဒ်စက်ဝိုင်းတရားတော်ကို ဟောကြားသင်ပြခဲ့လေသည်။ ယင်းပြီးနောက် မြို့တော်တွင်(၇) ရက်ကြာ သီတင်းသုံးနေထိုင်မူမည်ကို ဗုဒ္ဓကသဘောတူလက်ခံလေသည်။ မြို့တော်မှ ဗုဒ္ဓမထွက်ခွာမှီ ဗုဒ္ဓပရိနိဗ္ဗာန် ပြုတော်မူပြီးနောက် နှစ်ပေါင်း (၅၀၀၀)တိုင်တိုင် ကြည်ရိုလေးစားမှုခံရမည်ဖြစ်သော ဆံတော်ဓါတ်နှင့် ဗုဒ္ဓ၏ရုပ်ထုကိုယ်ပွားတော်တစ်ဆူထားခဲ့မည်ဟု ဗုဒ္ဓသဘောတူလက်ခံလေသည်။

နန်းတော်ရာ၏ အရှေ့မြောက်ဘက် သီရိဂုတ္တတောင်ကုန်းပေါ်တွင် အလေးအမြတ်ထားရှိသော ဗုဒ္ဓရုပ်ထုတော်ကို ကောင်းကင်ဘုံ ဗိသုကာပညာရှင် နတ်များ၏ဘုရင် သိကြားမင်းနှင့်အတူ စန္ဒသူရိယဘုရင်မင်းမြတ်အပါအ၀င် တိုင်းသူပြည်သားတို့က တည်ထားကိုးကွယ်ကြလေသည်။ ရုပ်ထုတော်အတွင်းပိုင်သို့ ဂေါတမဗုဒ္ဓ၏ ရင်ငွေ့တော်ဓါတ်ထည့်လိုက်သောအခါ ဂေါတမဗုဒ္ဓနှစ်ဆူရှိလာသကဲ့သို့ ဖြစ်ပေါ်လာလေသည်။ အံ့သြကြည်ညိုစရာကောင်းလှသော လက္ခဏာရပ်များ ပေါ်ထွက်လာလေသည်။ မဟာပထ၀ီမြေကြီး တုန်လှုပ်လာပြီး ရုပ်ထုတော်သည် တဖြည်းဖြည်း အသက်ရှိသကဲ့သို့ သူ၏ နောင်တော် ဂေါတမဗုဒ္ဓအား ကြိုဆိုသည့်အနေအထားနှင့် မတ်တပ်ထရပ်လေသည်။ ထို့နောက် ဂေါတမဗုဒ္ဓသည် သူ၏သာဝက ဗုဒ္ဓရဟန်းတော်များနှင့်အတူ သံတွဲဘက်သို့ ကောင်းကင်ခရီးဖြင့် ကြွသွားလေသည်။ ယင်းအချိန်အတွင်း ဘုရင် စန္ဒသူရိယမင်းမြတ်သည် သူ၏ မူးမတ်သေနာပတိတို့နှင့်အတူ အကြောင်းကိစ္စတို့ကို တိုင်ပင်ပြီးနောက် ဗုဒ္ဓ၏စစ်မှန်သော ရုပ်ထုတော်အား ကိုးကွယ်ဆည်းကပ်ပြီး ပွဲလမ်းသဘင်များ ကျင်းပလေသည်။ ရုပ်ထုတော်၏ ထူးခြားချက်များမှာ ရောင်ခြည်တော်ခြောက်သွယ် ထွက်ရှိလေသည်။ ရိုသေကိုင်းရှိုင်းသူများမှာ အနီးကပ်ဖူးမျှော်လာသောအခါ ရောင်ခြည်တော်များ ထွက်ရှိပြီး အယုံအကြည်မရှိသူများ ဖူးမျှော်သောအခါ ရောင်ခြည်တော်များ မှေးမှိန်သွားလေ့ရှိသည်ဟု အဆိုရှိလေသည်။ ရုပ်ထုတော်တည်ရှိသော နေရာ၏ပတ်ဝန်းကျင် အရပ်လေးမျက်နှာတို့တွင် အစောင့်အရှောက်အဖြစ် ကျောက်ရုပ်ထုများထားရှိပြီး မကောင်းသော အကြံအစည်ရည်ရွယ်ချက်တို့နှင့် ဗုဒ္ဓရုပ်ပွားတော်အနီးသို့ လာရောက်သူတို့အား အဝေးသို့ ရှောင်ရှားသွားစေသည်။

ဝေသာလီခေတ်မှ ပထမဘုရင်တိုင်အောင် ဗုဒ္ဓရုပ်ထုတော်အတွက် ကျောက်ပလ္လင်တစ်ခုတည်ဆောက်ပြီး သိမ်တော်ကို ပြန်လည်တည်ဆောက်သည်ဟု အဆိုမှတပါး အခြားမည်သည့်အကြောင်းအရာကိုမှ မှတ်တမ်းတင်ထားခြင်း မရှိခဲ့ပေ။ ဝေသာလီမှ ပထမဆုံးဘုရင်၏ အရိုက်အရာကို ဆက်ခံသူသည် မဟာမုနိသိမ်တော်အား ပြန်လည်မွမ်းမံပြင်ဆင်မှု ပြုလုပ်လေသည်။ သီရိလင်္ကာနှင့် ပုဂံမှ ဘုန်းတော်ကြီးများသည် ရုပ်ထုတော်အားကိုးကွယ်ဆည်းကမ်ရန် ရောက်ရှိလာခဲ့ကြသည်။ ပျူ-ဗမာနှင့် မွန်ဘုရင်များက မဟာမုနိ သိမ်တော်ကြီးအတွင်း အလေးအမြတ်ထားသော ဗုဒ္ဓရုပ်ထုတော်အား ပိုင်ဆိုင်လိုသော ရည်ရွယ်ချက်များနှင့် ရခိုင်ပြည်ကိုကျူးကျော်ဝင်ရောက်လာခဲ့ကြသည်ဟု အဆိုရှိလေသည်။ သို့သော်လည်း မည်သည့်ဘုရင်တစ်ပါးမှ အောင်မြင်မှု မရှိခဲ့ပေ။ တချို့သည် သိမ်တော်ကြီးအား ပြန်လည်ပြုပြင် မွမ်းမံရန် ကတိက၀တ်ပြုကြလေသည်။ (၁၂) ရာစုအချိန်တွင် သိမ်တော်နှင့် ဗုဒ္ဓရုပ်ထုတော် ပျောက်ဆုံးလေသည်။ သို့သော်လည်း လေးမြို့ခေတ်မှ ဘုရင်တပါး၏ အရိုက်အရာဆက်ခံသူများသည် ယုံကြည်မှုကို ဆက်လက်ထောက်ခံခြင်းဖြင့် ရုပ်ထုတော်နှင့် သိမ်တော်ကြီးတို့ကို ပြန်လည်ရှာဖွေတွေ့ရှိပြီး သိမ်တော်အား ပြန်လည်တောက်ဆောက်ခဲ့ကြလေသည်။

မြောက်ဦးမင်းဆက်ကို တည်ထောင်သူ ဘုရင်မင်းစောမွန်သည် သူ၏မြို့တော်မှ မဟာမုနိသို့ လမ်းတခုဖောက်လုပ်တည်ဆောက်ပြီး မင်းမျိုးမင်းနွယ်တို့၏ ရိုးရာထုံးတမ်းစဉ်လာ ဘုရားဖူးခရီးတစ်ခုစတင်ခဲ့လေသည်။ (၁၆) ရာစုတွင် ဘုရင်းမင်းဗာသည် မြောက်ဦးမြို့မှ သျှစ်သောင်းဘုရားအပါအ၀င် တိုင်းပြည်အနှံ့တွင် တည်ရှိနေသော ဘုရားကျောင်းအဆောက်အဦး အများအပြားတို့အတွင်း မူရင်းနှင့် ဆင်တူဖြစ်သော မရေမတွက်နိုင်သည့် မဟာမုနိရုပ်ပွားတော်များကို ထုလုပ်ထားရှိရန် အမိန့်တော်ချမှတ်ခဲ့လေသည်။

၁၇၈၄-ခု တွင် မြန်မာဘုရင် ဘိုးတောင်ဘုရားသည် ရခိုင်ပြည်ကို သိမ်းပိုက်လေသည်။ ထို့နောက် မဟာမုနိရုပ်ရှင်တော်မြတ်အား မန္တလေးသို့ သယ်ယူသွားခဲ့သည်။ ထိုရုပ်ရှင်တော်မြတ်ကြီးအား မြန်မာပြည်တွင် ယနေ့ထိတိုင် အလေးမြတ်ဆုံးထားသော ရုပ်ထုတော်အဖြစ် ဆက်လက်မှတ်ယူထားကြဆဲဖြစ်သည်။ ဆုံးရှုံးသွားသော အမွေအနှစ်ကြောင့် ရခိုင်ပြည်သူတို့အား နက်နက်နဲနဲ စိတ်ထိခိုက်စေခဲ့သည်။ ဆက်လက်ပြီး မကြာမီ ဗြိတိသျှတို့၏ အုပ်ချုပ်မှုကို ရခိုင်ပြည်သူတို့ ဆက်လက်ခံရလေသည်။ (၁၈၆၇) ခုနှစ်တွင် မဟာမုနိသိမ်တော်ရာ အနီးပတ်ဝန်းကျင်မှ တွေ့ရှိသော ကျောက်ရုပ်ထုတော်တစ်ဆူအတွက် ဘုရားသိမ်တော်ကိုတည်ဆောက်ခဲ့ကြသည်။

လွန်ခဲ့သော နှစ်(၈၀)အတွင်းက နဂိုမူရင်းအတိုင်း သိမ်တော်ကြီးကို ပြန်လည်ပြင်ဆင်မွမ်းမံမှုတို့ကို လုပ်ဆောင်ခဲ့သည်။ ယင်းအချိန်တွင် အောက်ရင်ပြင်များကို ပြန်လည်ထိမ်းသိမ်းပေးပြီး မန္တလေး၌ရှိသော မူရင်းမဟာမုနိ ထိုင်တော်မူပုံစံ ကြေးရုပ်ထုတော်အသစ်တစ်ဆူကို သွန်းလုပ်ခဲ့ကြသည်။ ယနေ့အခါမှာ မဟာမုနိဘုရားသိမ်တော်နေရာသည် ပြည်တွင်း၊ ပြည်ပ ဘုရားဖူးတို့၏ အရေးကြီးသော ဗဟိုအချက်အချာ တစ်ခုအဖြစ် ပြန်လည်စည်ကားလာပါသည်။


မဟာမုနိသိမ်တော်သည် နန်းတော်ရာကုန်း၏ အရှေ့မြောက်ထောင့်၌ရှိသော တောင်ပူစာတစ်ခုကို လွှမ်းခြုံပြုလုပ်ထားသော နေရာတစ်ခုဖြစ်သည်။ ရှေးနှစ်ပေါင်း ရာစုများစွာကပင် မဟာမုနိဘုရားသိမ်တော်တွင် ဘုရားဖူးခရီးသည်များ စည်ကားသိုက်မြိုက်နေသော ဗဟိုအချက်အချာလည်းဖြစ်ပြီး ကျူးကျော်ဝင်ရောက်သူများ လက်အောက် ရခိုင်ပြည်ကျရောက်ပြီး ရခိုင်ပြည်သူပြည်သားများ ဆင်းရဲဒုက္ခခံစားခဲ့ရလေသောအခါ ယာယီအားဖြင့် ဘုရားဖူးခရီးသည်များ နည်းပါးမှုရှိခဲ့လေသည်။ မူရင်းအဆောက်အဦး၏အကြွင်းအကျန် လုံးဝမရှိခဲ့သော်လည်း ယင်း၏ မူရင်းပုံစံတစ်ခုဖြစ်သည်ကို ကောင်းကင်ဓါတ်ပုံများတွင် တွေ့မြင်နိုင်သည်။ ဘုရားသိမ်တော်ကို ထောင့်မှန်စတုဂံနံရံနှစ်ဆင့်က ၀ိုင်းရံထားရှိပြီး သိမ်တော်၏အရှေ့ဘက် အနောက်ဘက်တောင်ဘက်နှင့် မြောက်ဘက်တို့တွင် ၀င်ပေါက်လေးပေါက် ဖောက်ထားပြီး အရှေ့ဘက်ဝင်ပေါက်ကိုအဓိက ၀င်ပေါက်အဖြစ် ထားရှိသည်။ ပထမဆုံး ရင်ပြင်၏ အရှေ့တောင်ထောင့်နှင့် အရှေ့မြောက်ထောင့်တို့တွင် ဗုဒရုပ်ထုတော်ကြီးအား ရိုးရာဓလေ့ထုံးတမ်းစဉ်လာအရ ကိုယ်လက်သန့်စင်ရန်အတွက် အသုံးပြုရန် ရေကန်ကြီးနှစ်ခု ထားရှိပါသည်။ အိန္ဒိယအရှေ့မြောက်ပိုင်း နာလန္ဒ၌ရှိသော ထင်ရှားကျော်ကြားသော ဗုဒ္ဓဘာသာဝင်ဘုန်းတော်ကြီးများ စုဝေးနေထိုင်သော နေရာတစ်ခုဖြစ်ပြီး ရှေး (၆) ရာစုမှပင် အဆင့်ဆင့်ပြောင်းလဲ တိုးတက်လာသော အဓိက ဂူဘုရားကျောင်းတော်တွင် ယခင်မူရင်းနည်းတူ အနီးစပ်ဆုံး ပုံစံဖြစ်သော ဘုရားကျောင်းဆောင်ကို တွေ့ရှိနိုင်လေသည်။

မြောက်ဦးနန်းတော်ကုန်:

မြောက်ဦးမြို့တော် နန်းတော်ကုန်းကို မင်းစောမွန် တည်ဆောက်ခဲ့သည်မှာကား မူလနဂိုရ်အားဖြင့် ကုက္ကားတောင်နှင့် တောင်ညိုတောင်နှစ်ခုကို တူးဖြိုညှိလျှက်တည်ခဲ့သော ကျောက်ဆောင်ကျောက်သားမြေခံမြေများဖြစ်သည်။ နန်းတော်ကုန်းပတ်လည် စတုရန်းပုံသဏ္ဍာန်ကို ကျောက်အုတ်များဖြင့်တံတိုင်းပြုကာ အမာခံလျှက် ကေဇာသက္ကရာဇ် (၇၉၂) ခု တော်သလင်းလဆန်း (၁) ရက် တနင်္ဂနွေနေ့၊ ခရစ်သက္ကရာဇ် (၁၄၃၀) ခုနှစ်တွင် မြောက်ဦးခေတ်ထီးနန်းကို စတင်တည်ထောင်သည်။

ရခိုင့် ရာဇ၀င်ထဲက သျှင်မြ၀ါ

မြောက်ဦးနန်းစံ၊ ဘုရင်မင်းဗာဘုရင်ကြီးသည် မင်းဆရာဖြစ်သော သျှင်မြဝါအား ရည်မှန်းလျှက် ထိုဆရာမြတ်၏ အရိုးကို မြေအောက် ဌာပနာထားတော်မူလျှက် တောင်ထွဋ်တခုပေါ်၌ ကြီးစွာသော စေတီကြီးတဆူကို တည်ထားတော်မူသည်။ ထိုဆရာကြီးဦးမြဝါ၏ ကျန်ရစ်သောပစ္စည်းများနှင့် ရွှေငွေရတနာများကို ဌာပနာထည့်ကာ တည်ထားခဲ့သဖြင့် ထိုတောင်ကို ယနေ့ထိတိုင် မြဝါတောင်ဟုလည်းကောင်း၊ မြဝါစေတီဟုလည်းကောင်း ခေါ်တွင်သည်။ ဆရာကြီးသျှင်မြဝါမှာ ရသေ့ယောဂီတဦး ဖြစ်သည်။ ရခိုင်ရာဇဝင်သမိုင်းတွင် ထင်ရှားသော မင်းမျိုးမင်းနွယ်မှ ပုဂ္ဂိုလ်တစ်ဦးဖြစ်သည်။ မဇ္ဈိမဒေသ၌ လောကီပညာအမျိုးစုံကို ဗာရဏသီမြို့တော်၌ လည်းကောင်း၊ မိဂတာဝုန်တောရှိ ဆရာဗိဿနိုးထံတွင် လည်းကောင်း၊ နှစ်ပေါင်း(၂၀) တိုင်အောင် လောကီပညာရပ်များကို တတ်မြောက်ပြီးသော် မိမိရခိုင်ပြည်ကြီးသို့ ပြန်လာကာ မြောက်ဦးမြို့၏ မြောက်ဘက် တောင်ညိုကျောင်းတိုက်ဝယ် (နမန္တာ ဓားကျမ်း) ကြီးကို ပြုစုရေးသားခဲ့သော ပုဂ္ဂိုလ်ထူးတစ်ဦးဖြစ်သည်။

သင်္ကြန်လ ရခိုင်ပြိုင်လောင်းပွဲ

ရခိုင်ပြည်တွင် သင်္ကြန်လ၌ ရေလောင်းပွဲကိုလည်းကောင်း၊ ကျင်ပွဲ (ခေါ်) လက်ပန်းလုံးပွဲကိုလည်းကောင်း၊ လှီပြိုင်ပွဲ (ခေါ်) ပြိုင်လောင်းပြိုင်ပွဲကိုလည်းကောင်း ရာသီပွဲများအဖြစ်ကျင်းပလေ့ရှိသည်။ ဤဆောင်းပါး၌ ပြိုင်လောင်းပွဲသဘင် ဆင်ယင်ကျင်းပပုံကို တင်ပြလိုပါသည်။

ယခုဆောင်းပါးတွင် အဓိပ္ပါယ် မပေါ့စေရန်အတွက် အချို့သော ရခိုင်စကားများအား ဤ အတိုင်းဖေါ်ပြပေးလိုက်ပါသည်။

လောင်း = လှေ

ရီ = ရေ

ပြိုင်လောင်းပွဲကို သင်္ကြန်လတွင်ကျင်းပကြောင်း စာဆိုဥက္ကာပျံ ရွှန်းလိုက်ရတု၌